Monday, August 22, 2011

လစ်ဗျားသူပုန်နဲ့ မြန်မာသူပုန်တွေ ဘယ်နေရာမှာ ဘယ်လိုကွာနေသလဲ-

၂၂၀၈၁၁ (ထက်အောင်ကျော်)

လစ်ဗျားနိုင်ငံရဲ့မြိုတော် ထရီပိုလီ ဆီ သူပုန်တပ်ဖွဲ့တွေဝင်လာတာ။ ဒေသခံတွေက ကြိုဆို အောင်ပွဲခံနေတာကို ပြည်တွင်း-ပြည်ပရှိ မြန်မာအတော်များများ တီဗွီ-ကနေ ကြည့်ဖြစ်ကြမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ၂၃-နှစ်ကြာ ဒီမိုကရေစီတိုက်ပွဲအတွင်းပါဝင်နေပီး အကြောင်းအမျိုးမျိုး ကြောင့် ပြည်ပကိုရောက်နေသူတွေ။ အိမ်နီးချင်းနိုင်ငံတွေဆီရောက်နေသူတွေဆိုရင် တီဗွီ-ကိုအသေ ချာကြည့်ပီး Face book, Twitter တွေကနေ သူတို့ရဲ့ထင်မြင်ချက်တွေ။ မျော်လင့်ချက်တွေကို ချက် ချင်းတင်နေတာကိုသတိထားမိပါတယ်။ အဲဒီလိုလူတွေထဲမှာ ကျနော်လဲ တဦးအပါဝင်ဖြစ်တယ်ဆိုတာ ကို ပထမ-ဆုံးဝန်ခံလိုပါတယ်။



အာရပ်လှိုင်းစီးသူများနဲ့ အာရပ်လှိုင်းကို ဘေးကနေ ရပ်ကြည့်နေသူများ

အရှေ့အလယ်ပိုင်းမှာ လူထုံအုံ့ကြွမှုတွေဖြစ်ပီး တူနီးရှားကနေ အီဂျစ်အထိ အာနာရှင်တွေပြို ကျ။ ဘာရိန်း။ လစ်ဗျား။ ဂျော်ဒန်ကနေ ဆီးရီးယားအထိ အာဏာရှင်တပိုင်း သမ္မတတွေ။ ဘုရင်တွေ ရာထူးကနေ ထွက်ရတော့မလိုဖြစ်နေပါတယ်။ ၂၀၁၁-နှစ်ဆန်းပိုင်းမှာ စတင်လာခဲ့တဲ့ ဒီလူထုအုံကြွမှုကို အာရပ်လှိုင်းလို့ မြန်မာစာနယ်ဇင်းသမားတချို့ကခေါ်ဝေါ်ကြပီး မြန်မာနိုင်ငံဆီကိုလဲ ဒီလှိုင်း ကရက်ရိုက် နိုင်တယ်လို့ သူတို့ကဆိုပါတယ်။ အာရပ်စတိုင် လူထုံအုံကြွမှုတွေ မြန်မာနိုင်ငံမှာဖြစ်လာစေဖို့ တိုက် တွန်းနှိုးဆော်တဲ့ ဆောင်းပါးတွေ။ နှိုးဆော်ချက်တွေကိုထုတ်ပြန်ကြီး ဒီလှုပ်ရှုားမှုကို အာရပ်လှိုင်း လှုပ် ရှားမှု။ ဒီလှုပ်ရှားမှုမှာပါဝင်သူတွေကို အာရပ်လှိုင်းစီးသူများ စသဖြင့် အမည်ပေးမှုတွေဟာလဲ အွန်လိုင်း ကွန်မြူနတီမှာအတော်လူသိများခဲ့ပါတယ်။

ဒီလိုအခြေနေမှာ လူထုဆန္ဒနဲ့ နိုင်ငံတကာရေစီးကြောင်းကို အာခံပီး ထွက်လာသူတဦးက တော့ အားလုံးသိတဲ့အတိုင်း လစ်ဗျားခေါင်းဆောင် ဗိုလ်မှုးကြီး ကဒါဖီ -ဘဲ့ဖြစ်ပါတယ်။ သူ့ပြည်သူကို သူပြန်သတ်နေတဲ့ ကဒါဖီ-ကို ဘယ်လိုအရေးယူမလဲဆိုတာနဲ့ပါတ်သက်ပီး ကုလသမဂ-လုံခြုံရေး ကောင်စီမှာ အကြိတ်အနယ်ဆွေးနွေးပီးတဲ့နောက် ဒီသတ်ဖြတ်မှုတွေကိုဝင်ရောက်တားဆီးဖို့ အနောက် အုပ်စုကအဆိုပြုပီး ရုရှားနဲ့တရုတ်တို့က မကန်ကွက်ဘဲ ကြားနေလိုက်ပါတယ်။ အဲဒီလိုဆုံးဖြတ်ချက်ကျ တဲ့နေ့ကစပီး ကဒါဖီရဲ့ တပ်တွေကို နေတိုး-စစ်မဟာမိတ်အဖွဲ့က ဗုံးကျဲ တိုက်ခိုက်တော့တာပါဘဲ့။

ကုလသမဂ-နဲ့ နိုင်ငံတကာအဖွဲ့စည်းတွေက ဒီလိုပါလာပီဆိုတော့ အခြေနေဟာ ချက်ချင်း ပြောင်းလဲသွားပီး ဆန္ဒပြသူတွေရဲ့စီးပွါးရေးမြိုတော် ဘန်ဂါဇီ-ဟာ ချက်ချင်းဆိုသလို အတိုက်ခံအင်အား စုတွေရဲ့မြိုတော်ဖြစ်လာပီး မြိုတွင်းရှိ ကဒါဖီသစ္စာခံတပ်တွေကိုမောင်းထုတ်ပါတော့တယ်။ နေတိုးလေ ယဉ်တွေက ကဒါဖီရဲ့ တစ်ကားတွေကို ဗုံးကျဲ။ လစ်ဗျားသူပုန်တွေက မြေပြင်ကို တလက်မချင်းသိမ်း ပိုက်။ ဒီလိုနဲ့ ဖေဖေါ်ဝါရီနှောင်းပိုင်းကစပီး ချီတက်လာလိုက်တာ အခု သြဂုတ်လ ၂၂-ရက်နေ့မှာတော့ သူပုန်တွေ မြိုတော် ထရီပိုလီ အထိရောက်လာပီး အခုလိုအောင်ပွဲခံနေတာဖြစ်ပါတယ်။




လက်နက်ကိုင်တော်လှန်ရေးနဲ့ တွေ့ဆုံဆွေးနွေးပီး အာဏာခွဲဝေရေး အယူဆ ၂-ခု

အရှေ့အလယ်ပိုင်းနဲ့ လစ်ဗျားမှာဖြစ်နေတဲ့ တိုးတက်မှုတွေကို အားကျမိတဲ့အကြောင်း "၈-လေး လုံးနှစ်ပါတ်လည်နဲ့ တကျော့ပြန်လက်နက်ကိုင်တော်လှန်ရေး-ဆိုတဲ့ ခေါင်းစဉ်နဲ့ ၈-လေးလုံး ၂၃-နှစ် ပြည့်နေ့မှာ ကျနော်ကိုယ်တိုင်ဆောင်းပါးတပုဒ်ရေးခဲ့ဖူးပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ မြန်မာသူပုန်တွေနဲ့ လစ်ဗျားသူပုန်တွေ ဘယ်နေရာမှာဘယ်လိုကွာနေသလဲ ဆိုတာကို စဉ်းစားနိုင်ဖို့ မေးခွန်းထုတ်ခဲ့တာလဲဖြစ်ပါတယ်။ အဲဒီဆောင်းပါးရေးပီး သတင်း ၂-ပါတ်ကျော်အကြာမှာ သူပုန်တွေ က မြိုတော်ကိုတောင်သိမ်းပိုက်လိုက်ပါပီ။ ကျနော်ကိုယ်တိုင်ပါဝင်ခဲ့ဖူးတဲ့ မြန်မာသူပုန်လှုပ်ရှားမှုက တော့ အခု ၂၃-နှစ်ကြာတဲ့အထိ မြိုတော်ကိုသိမ်းပိုက်ဖို့နေနေသာသာ ကိုယ်မိသားစုတချိုကိုတောင် ဒုက္ခသည်စခန်းနဲ့ ထိုင်းနိုင်ငံအတွင်း ပို့လွတ်ထားရတဲ့အခြေနေဖြစ်နေပါတယ်။ ဘာကြောင့် ဒီလိုကွာ ခြားနေတာလဲ။

ဒီမေးခွန်းအတွက် လူအတော်များများကို အွန်လိုင်းကနေ မေးမြန်းကြည့်ခဲ့ပါတယ်။ အဲဒီထဲက ထူးခြားတဲ့ ပထမ-တုန့်ပြန်ချက်တခုကတော့..."လစ်ဗျားသူပုန်တွေကို တကမ္ဘာလုံးက သေနပ်တွေ ၀ိုင်း ပေးကြတယ်။ မြန်မာသူပုန်တွေကျတော့ သေနပ်မပေးဘဲ ဂျင်းရှပ်ကိုလွတ်လိုက်တယ်" တဲ့။ သူပြော သွားတဲ့ ဂျင်းရှပ်ဆိုတာကတော့ အနုနည်းနဲ့အာဏာဖီဆန်ရေး သီအိုရီတွေကို မာနယ်ပုလောအထိ လာရောက်ပို့ချခဲ့တဲ့ အမေရိကန်က သဘောတရားဆရာတဦးပါ။ ၁၉၉၁- ဆီုဗီယက်ယူနီယမ်ပြိုကွဲ ကာစကာလ။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဗကပ-ဆီကနေ လူမျိုးစုတွေက ခွဲထွက်ကာစမှာ အဲဒီလို သင်တန်းတွေ မာနယ်ပုလောနဲ့ ကျနော်တို့ ABSDF စခန်းတွေမှာ အတော်ခေါတ်စားခဲ့ပါတယ်။ လို-တို-ရှင်း အနှစ်ချုပ်ရရင်တော့ လက်နက်ကိုင်တော်လှန်ရေးအစား လူထုနည်းနဲ့ အာဏာဖိဆန်ရေးဖက်ကို အဲဒီကာလက တိမ်းညွန့်ခဲ့တယ်။ ဒါမှမဟုတ် တိမ်းညွန့်ဖို့ ဖိအားပေးခံခဲ့ရတယ်။ လမ်းပြခံခဲ့ရတယ်လို့ ပြောမယ်ဆိုပြောလို့ရနိုင်ပါတယ်။

ဒုတိယ-ဖြေကြားသူတဦးကတော့ "မြန်မာနိုင်ငံမှာလဲ လစ်ဗျားလို ရေနံအကြီးအကျယ် ထွက် ကြည့်ပါလား။ နေတိုးနဲ့ အနောက်နိုင်ငံတွေက ၀င်တိုက်ပေးပါလိမ့်မယ်" တဲ့။ ဒီအဖြေကတော့ မြန်မာ သူပုန်တွေဘာကြောင့် နိုင်ငံတကာရဲ့ စစ်ရေးအထောက်ပံ့မရတာလဲ ဆိုတဲ့အချက်ကို ထောက်ပြသလို ဖြစ်နေပါတယ်။ တတိယ-ဖြေကြားသူတဦးကတော့ "မြန်မာနိုင်ငံက တရုတ်ပြည်ဘေးနားမှာ ကပ်ပီးရှိ နေတာဆိုတော့ ဘယ်အနောက်နိုင်ငံကမှ လာမကူဘူး" တဲ့။ ဒါလဲ ဟုတ်တာပါဘဲ့။ လို-တို-ရှင်း အနှစ် ချုပ်ရရင်တော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပတိပခ-အပေါ် နိုင်ငံတကာက လစ်ဗျားလောက်စိတ်ဝင်စားမှု မရှိဘူး။ မြန်မာနိုင်ငံရဲ့ ပထ၀ီနိုင်ငံရေးကလဲ လစ်ဗျားလောက်အရေး မပါဘူး။ ဒီအတွက် ဘယ်နိုင်ငံကမှ စစ်ရေးအရအကူညီမပေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။


လစ်ဗျားသူပုန်နဲ့ မြန်မာသူပုန်တွေ ဘယ်နေရာမှာ ဘယ်လိုကွာနေသလဲ

ဒီလိုမတူညီချက်တွေအများကြီးရှိနေတာကိုသိရဲ့နဲ့ ခင်ဗျားက ဘာကိုမျော်နေတာလဲ။ စိတ်ကူး ယဉ်နေယုံထက်ပိုပိး လက်တွေကျတဲ့ အကူညီဘာများရနိုင်ဘွယ်ရှိသေးလို့လဲလို့ ကိုယ်ဘာသာမေးခွန်း ထုတ်မိပါတယ်။ ဟုတ်ပါတယ်။ မတူညီမှုတွေအများကြီးရှိနေတဲ့အတွက် လစ်ဗျားလို မြန်မာမာ ထပ်တူ မဖြစ်နိုင်တာကတော့ သေချာပါတယ်။ ဒါပေမဲ့ လစ်ဗျားမှာ ဒီနေ့ဖြစ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေး ကနေ ကျနော်တို့မြန်မာသူပုန်တွေ ဘာများလေ့လာနိုင်မလဲဆိုတာကတော့ ဆက်လက်ဆွေးနွေးသင့် တယ်လို့ထင်ပါတယ်။

လစ်ဗျားသူပုန်တွေ မြိုတော်ထရိပိုလီကိုသိမ်းပီးချိန်မှာ ပထမ-ဆုံးထွက်လာတဲ့မေးခွန်းကတော့ ဒီသူပုန်တွေမှာ နိုင်ငံကိုအုပ်ချုပ်နိုင်တဲ့စွမ်းရည်ရှိရဲ့လား။ အာဏာ လေဟာနယ်ဖြစ်နေစဉ်ကာလမှာ ခိုး ဆိုး လှုယက်မှုတွေဖြစ်ပေါ်လာမလားဆိုပီး သတင်းထောက်တွေက မေးခွန်းထုတ်နေပါတယ်။ ဒုတိယ မေးခွန်းကတော့ ဒီသူပုန်တွေဟာ အယူအဆမတူသူတွေ။ နောက်ခံသမိုင်းကြောင်းမတူသူတေ။ မတူ ကွဲပြားတဲ့ တောင်ပေါ်သားအုပ်စုတွေ။ အားလုံးပေါင်းထားတဲ့အဖွဲ့ဖြစ်တဲ့အတွက် ကဒါဖီကို တိုက်နေစဉ် မှာ ညီညွတ်နေပေမဲ့ ကဒါဖီ- အလွန်ခေါတ်မှာ အချင်းချင်း သဘောထားကွဲမှုတွေ။ အာဏာလုမှုတွေဖြစ် မလားဆိုပီးလဲ အကဲခတ်တချို့က မေးခွန်းထုတ်နေပါတယ်။ ကျနော်တို့ မြန်မာသူပုန်တွေကြားမှာကော ဒီလိုမေးခွန်းထုတ်သင့်တယ် ထင်ပါသလား။ ဒါမှမဟုတ် မုန့်ဆီကျော်က ဘယ်နားမှန်းမသိ။ နှုတ် ခမ်းအနာနဲ့တည့်ပါ့မလား- ဆိုပိး ခင်ဗျားက စိုးရိမ်နေတယ်လို့ စာဖတ်ပရိတ်သတ်ကဝေဖန်လေမလား။

ကျနော်အတွေ့အကြုံအရဆိုရင်တော့ ဒီကိစ္စဟာ ဆွေးနွေးသင့်တယ်လို့ထင်ပါတယ်။ "လိပ်ဥ သောင်နဲ့ အဲဒီကမ်းရိုးတန်းကရွာတွေကို သိမ်းတာကလွယ်လွယ်လေး။ အခုသိမ်း။ အခုရတယ်။ ဒါပေမဲ့ သိမ်းပီးရင် ဘယ်လိုအုပ် ချုပ်ရမှန်းမသိလို့" ဆိုတဲ့ ကရင်စစ်ဗိုလ်တဦးရဲ့ လွန်ခဲ့တဲ့ နှစ် ၂၀-နီးပါးက စကားလုံးကို ကျနော်မှတ်မိ နေဆဲဖြစ်ပါတယ်။ ၁၉၉၁-၉၂- ကျနော်တို့ ကျောင်းသားတပ်မတော် ခေါတ် ကောင်းနေစဉ်က ဘိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ပုလောမြိုနယ်တခွင်လုံးနီးပါးကို ကျောင်းသားနဲ့ ကေ အန်ယူ-တပ်တွေက ထိမ်းချုပ်ထားနိုင်ခဲ့ပါတယ်။ အဲဒီလို အင်အားကောင်းနေစဉ်ကာလမှာ ဒီအေဘီ-စစ်ကြောင်းမှာပါဝင်တဲ့ အရေးပါတဲ့ ကရင်စစ်ဗိုလ်တဦးက အခုလိုပြောခဲ့တာပါ။ ဒါက အုပ်ချုပ်ရေး စွမ်း ရည်နဲ့ပါတ်သက်ပီး မေးခွန်းထုတ်သင့်တဲ့ အပိုင်းဖြစ်ပါတယ်။

စည်းလုံးညီညွတ်မှုအပိုင်းနဲ့ပါတ်သက်ပီး မေးခွန်းထုတ်မယ်ဆိုရင်တော့ ကျနော်တို့ တောခိုကာ စ ကာလမှာ ကေအန်ယူ-နဲ့ မွန်ပြည်သစ်ပါတီတို့ ဘုရားသုံးဆူဒေသမှာ တိုက်ပွဲပီးတာ မကြာသေးပါ ဘူး။ ရန်ကုန်နဲ့ ပြည်တွင်းမှာ ၈-လေးလုံးအရေးတော်ပုံနဲ့ လူထုအုံကြွမှုတွေဖြစ်နေစဉ်မှာ အဲဒီလှုပ်ရှားမှု တွေနဲ့ လက်နက်ကိုင်လှုပ်ရှားမှု မဆက်စပ်နိုင်တဲ့အပြင် အချင်းချင်းတောင် နယ်မြေလုပွဲ နွဲနေကြတဲ့ အ ခြေနေပါ။

ကျောင်းသားတွေ ထောင်သောင်းချီ နယ်စပ်ရောက်လာပီးတဲ့အခါမှာတော့ လူမျီုးစုတွေနဲ့ ဗမာ တွေရဲ့ မဟာမိတ်အဖွဲ့ DAB ဒီမိုကရက်တစ်မဟာတ်မိတ်-အဖွဲ့ဆိုတဲ့ တပ်ပေါင်းစုကိုဖွဲ့ပါတယ်။ လူမျိုးစု တွေဖက်မှာ နဂိုရှိပီးသားဖြစ်တဲ့ NDF ခေါ် အမျိုးသားဒီမိုကရက်တစ်အင်အားစု လက်နက်ကိုင် ၁၀-ဖွဲ့နဲ့ လူမျိုးစုမဟုတ်တဲ့ ဗမာလက်နက်ကိုင်တွေရော။ လက်နက်မကိုင်တဲ့အဖွဲ့တွေရော စုပေါင်းဖွဲ့လိုက်တဲ့ မဟာမိတ်ပါ။ ဒါပေမဲ့ ၁၉၉၁- ၀န်းကျင် စစ်အစိုးရဖက်ကနေ အပစ်ခတ်ရပ်စဲရေးလှုပ်ဖို့ ကမ်းလှမ်းမှုတွေ လဲလုပ်ရော။ DAB, NDF ရဲ့မူဝါဒတွေဖြစ်တဲ့ တဖွဲ့ချင်းမဆွေးနွေးဘူး။ တပ်ပေါင်းစုနဲ့ဘဲ့ဆွေးနွေးမယ်ဆို တဲ့ မူတွေဘောင်တွေကိုစွန့်ပီး လူမျိုးစုတဖွဲ့ချင်း စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးလုပ်လိုက်ကြတာ ဗိုလ်ချုပ်မြဦးစီးတဲ့ ကေအန်ယူ-တဖွဲ့ဘဲ့ ကျန်ပါတော့တယ်။

အဲဒီနောက်မှာတော့ တပ်ပေါင်းစုတွေ ဖွဲ့လိုက်ဖျက်လိုက်။ အသစ်ထပ်ဖွဲ့လိုက်နဲ့ ဒီနေ့ NCUB ခေါ် အမျီုးသားကောင်စိနဲ့ အခုနောက်ဆုံး လူမျိုးစုတွေပါဝင်တဲ့ United Nationalities Federal Council (UNFC) ခေါ် ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရက်ကောင်စီ-အထိဖြစ်ပါတယ်။ ဒီ အဖွဲ့ တွေကြားမှာ ညီညွတ်ရေးဘယ်လောက်ရှိသလဲဆိုတာကို တချို့ကမေးခွန်းထုတ်နေဆဲဖြစ်ပေမဲ့လဲ အခု ချိန်ထိတော့ တဖွဲ့ချင်းမဆွေးနွေးဘူး။ UNFC -နဲ့ဘဲ့ ဆွေးနွေးမယ်လို့ ကေအိုင်အို-အပါဝင် ဆွေးနွေး လက်စအဖွဲ့တွေက တင်းခံထားတာကိုတွေနေရပါတယ်။

ဒီလိုအခြေနေမှာ ၁၉၉၀-ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်အထိသွားပီး အရပ်ဝတ်စစ်အစိုးရ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ ဆုံလိုက်တဲ့အခါမှာတော့ "ဗမာတွေအချင်းချင်း ပေါင်းသွားပီလား။ ငါတို့ လူမျီုးစုတွေချည်းဘဲ့ ဆက် တိုက်ရတော့မလား" ဆိုတဲ့ လေသံတွေကလဲ နယ်စပ်တကျောမှာ ထွက်ပေါ်လာပြန်ပါတယ်။ ဒါတွေ။ ဒါတွေဟာ ဒီနေ့ မြန်မာအတိုက်ခံအင်အားစုတွေ။ မြန်မာသူပုန်တွေရဲ့ စည်းလုံးညီညွတ်မှုအင်အားအ ပေါ် စမ်းသပ်ချက်။ အကဲဖြတ်ချက်တွေဖြစ်လာနိုင်ပါတယ်။

ဆိုတော့ လစ်ဗျားသူပုန်တွေဆီကနေ မြန်မာသူပုန်တွေ ဘာများသင်္ကန်းစာယူနိုင်မလဲ။ အမြင့် ဆုံးမျော်လင့်ချက်ဖြစ်တဲ့ လစ်ဗျားလိုမျီုး မြန်မာမှာလဲ နေတိုးက ၀င်တိုက်ပေးလိမ့်မယ်ဆိုတဲ့ မျော်လင့် ချက်ကို ခဏထားပီး လစ်ဗျားသူပုန်တွေလိုမျီုး ငါတို့သူပုန်တွေညီညွတ်ရေးကို အကောင်ထည်ဖေါ်သင့် တယ်လို့ ကျနော်ကမြင်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အတိုက်ခံတွေ။ သူပုန်တွေအား လုံးညီပီး နိုင်ငံတကာအကူညီနဲ့ နေပြည်တော်သိမ်းပိုက်ရေးဆိုတာကို ခဏမေ့ထားလိုက်ပါ။

အစိုးရက ကမ်း လှမ်းလာရင် တဖွဲ့ချင်းမဆွေးနွေးဘူး။ တပ်ပေါင်းစုနဲ့ဘဲ့ဆွေးနွေးမယ်ဆိုတဲ့အချက်အပေါ် ညီညွတ် မှု ပြ ဖို့လိုနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တွေ့ဆုံတာဟာ ဗမာအချင်းချင်း ပြန် ပေါင်းတာမဟုတ်ဘူး။ မတူကွဲပြားတဲ့အခြေနေ။ လုပ်နည်းလုပ်ဟန်တွေအရ နည်းလမ်းသစ်တခုအနေနဲ့ ချည်းကပ်ခြင်းမျှသာဖြစ်တယ်ဆိုတဲ့အချက်အပေါ် ညီညွတ်မှုပြဖို့လိုနေပါတယ်။

ဒီညီညွတ်မှု ၂-ခုကိုကျော်ဖြတ်နိုင်မှသာ တပ်ပေါင်းစုဖြင့်အောင်ပွဲခံရေးတို့။ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်ရေးတို့ အပါဝင် မြန်မာအတိုက်ခံတွေမျော်လင့်နေတဲ့ ရှေ့တဆင့် လမ်း စကို စတင်ခြေလှမ်းနိုင်လိမ့်မယ်လို့ အကြံပြုတင်ပြအပ်ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More